အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်း (OGDS) ကြည့်တယ် ဆိုတာ
သိလိုတဲ့ အစာခြေလမ်းကြောင်း အစိတ်အပိုင်းတွေကို မလိုအပ်ဘဲ ဓားနဲ့ခွဲပြီး မျက်မြင်ဒက်ထိ ကြည့်နေစရာ မလိုတော့ဘဲ အစာမြိုချသလို ပိုက်ပျော့တစ်ခုကို မြိုချမယ်။ ပြီးတော့ ပိုက်အဆုံးမှာရှိတဲ့ ကင်မရာ သေးသေးလေးကနေ တစ်ဆင့် TV screen မှာ Live ကြည့်သလို ဆရာဝန်ကော လူနာပါ မြင်နေရတာကို ခေါ်ပါတယ်။
မှန်ပြောင်းမကြည့်ခင် လူနာကို ကြည့်မယ့်အချိန်မတိုင်ခင် အရည်ဆို (၂) နာရီ၊ အစာပျော့ဆို (၄) နာရီ၊ အစာမာဆို (၆) နာရီ အကြမ်းဖျင်း ကြိုတင်ပြီးတော့ အစာဖြတ်ထားရပါတယ်။ သွေးထွက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့ မှန်ပြောင်းမကြည့်ခင် ခဏ ရပ်ထားရပါတယ်။
သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ နာတာရှည် ရောဂါအခံရှိသူများ အတွက် လိုအပ်တာတွေ ပြန်လည်စစ်ဆေးပြီး သီးသန့် ညွှန်ကြားချက်တွေ ရှိနိုင်တဲ့ အတွက် မိမိမှာရှိတဲ့ ရောဂါမှန်သမျှနဲ့ သောက်နေကျ တိုင်းရင်းဆေး၊ အားဆေးပါမကျန် မခြွင်းမချန် ပြောပြပေးပါမှ အကောင်းဆုံး ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
တချို့လူနာတွေက ဆေးရုံတက်ရင်းနဲ့ ရက်ချိန်းနဲ့နီးလို့ ဆေးရုံကနေ ကြည့်တာ ရှိသလို၊ တစ်ချို့ကတော့ ပြင်ပလူနာဌာန ကနေ ရက်ချိန်း ယူပြီးမှ လာကြည့်ရတာတွေလဲ ရှိပါတယ်။
မှန်ပြောင်းကြည့်ဖို့အတွက် အခြေခံ အနည်းဆုံး ဖောက်ရမယ့် သွေးစစ်ဆေးမှုတွေလဲ ကြိုတင်ခံယူထားရပါတယ်။ မှန်ပြောင်းကြည့်တာကနေတဆင့် B ပိုး၊ C ပိုး၊ HIV ပိုး ရှိနေသူတွေကနေ တခြားသူတွေကို မကူးစက်နိုင်စေဖို့ ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်လို့ပါ။
မှန်ပြောင်း မကြည့်ခင်မှာ ကြည့်နေစဥ် မျှော်လင့်မထားတဲ့ အခြေအနေမျိုး တစ်ခုခု (ဥပမာ - သွေးထွက်များခြင်း ) ဖြစ်လာခဲ့ပါက အကြောများမှ အရေးပေါ် ဆေးအဆင်သင့် ထိုးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လက်မှာ အကြောထဲ ထိုးသွင်းထားတဲ့ ဆေးထိုးပိုက်တစ်ခု အဆင်သင့် ရှိနေမှာပါ။
မှန်ပြောင်း ကြည့်တော့မယ့် အချိန်မှာ လူနာရဲ့ ကြိုတင်စိုးရိမ် ပူပန်နေမှုတွေ လျှော့ချဖို့အတွက် sedatives လို့ ခေါ်တဲ့ ခဏတာ သက်တောင့်သက်သာ မှိန်းသွားစေတဲ့ ဆေးတွေကို အကြောထဲရှိ ဆေးထိုးပိုက်မှ တစ်ဆင့် လူနာရဲ့ ခန္ဓာကိုယ် အလေးချိန်ပေါ် မူတည်ပြီး ထိုးပေးကြပါတယ်။ ပိုက်ပျော့ကို မြိုချတဲ့အခါမှာလဲ လည်ပင်းမနာအောင် ပိုက်ပျော့ထိပ်မှာ ထုံဆေးဂျယ် တစ်မျိုး သုတ်လိမ်း ပေးထား ပါသေးတယ်။
အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်တယ်ဆိုတာ အသေးစား လုပ်ဆောင်ချက် တစ်ခုဖြစ်ပေမယ့် မှန်ပြောင်းကြည့်ပြီး ဆေးရှိန်ပြယ်လာရင် ရီဝေဝေနဲ့ လုပ်ဆောင်တာတွေ နှေးကွေးကောင်း နှေးကွေးနေပါလိမ့်မယ်။ ဒါကြောင့်မို့လို့ မှန်ပြောင်းကြည့်ဖို့လာရင် အိမ်ပြန်ဖို့အတွက်၊ ကား မောင်းပေးဖို့အတွက် စတဲ့ ဗာဟီရ ကိစ္စများအတွက် အဖော်တစ််ယောက် ခေါ်လာတာ အကောင်းဆုံးပါ။
ဘယ်လို လူနာတွေမှာ အစာအိမ်နဲ့ အူလမ်းကြောင်း မှန်ပြောင်း ကြည့်ဖို့လိုအပ်သလဲ?
- ဗိုက်အောင့် ၊ ပျို့အန်၊ အစာမြိုချရခက်၊ အစာအိမ်က သွေးထွက်နေလို့ သွေးအန် သွေးဝမ်းသွားတဲ့ သူတွေ ရောဂါရှာဖွေဖို့ ၊
- သွေးအားနည်းတာနဲ့ ဆက်စပ်ပြီး အစာအိမ်အူလမ်းကြောင်းက ကင်ဆာလို့ သံသဃရှိသူတွေ အသားစယူပြီး စစ်ဆေးဖို့ အတွက် အဓိကဖြစ်ပါတယ်။
မှန်ပြောင်း ကြည့်ရင်း ဘာတွေ လုပ်နိုင်မလဲ?
မှန်ပြောင်းကနေ တစ်ဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာလေးတွေ ထည့်သွင်းပြီးတော့
- သွေးထွက်နေတဲ့ သွေးကြောတွေ သွေးတိတ်တာရပ်အောင် သားရေပင် ပစ်ပြီး ချည်ခြင်း၊
- အစာရေမျိုပြွန် ကျဥ်းနေတာ ချဲ့ခြင်း၊
- Polyp လို့ခေါ်တဲ့ အသားပိုတွေ ဖယ်ခြင်း ၊
- ပြင်ပကနေ မတော်တဆ မြိုချလိုက်မိတဲ့ ပစ္စည်းတွေ ဖယ်ထုတ်ခြင်း ၊
- အာထရာဆောင်းစက်နဲ့ ပေါင်းစပ်ပြီး ကြည့်ရခက်တဲ့ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ( ဥပမာ- ပန်ကရိယ) သေချာ ကြည့်နိုင်ခြင်း နဲ့
- အထူးပြုလုပ်ထားတဲ့ နောက်ဆုံးပေါ် အလင်းရောင်တန်း အခြေခံတဲ့ Narrow Band imaging နည်းပညာနဲ့ ကင်ဆာမဖြစ်ခင် ကနဦးတစ်ရှူးတွေရဲ့ ပြောင်းလဲမှုအခြေအနေကို သိရှိနိုင်ခြင်း စတာတွေဟာ မှန်ပြောင်းကြည့်ရင်း one stop procedure လုပ်ဆောင်နိုင်တာတွေပဲ ဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ရင်း နောက်ဆက်တွဲ ဆိုးကျိုးတွေကော ဖြစ်လာနိုင်လား?
ဖြစ်နိုင်ပါတယ်။ အသားစယူရင်း သွေးထွက်များနေလို့ သွေးတိတ်အောင်လုပ်ရတာတွေ ရှိကောင်းရှိနိုင်ပေမယ့် အရမ်း ( အရမ်း ) ကို နည်းပါးပါတယ်။ လေ့လာတွေ့ရှိချက်များအရ 2% အောက်သာရှိပါတယ်။
မှန်ပြောင်းကြည့်ပြီး ဘာတွေဖြစ်ရင် ဆရာဝန်ဆီ ချက်ချင်းပြန်ပြရမလဲ?
ဖျားမယ်၊ မောမယ်၊ ရင်ဘတ်အောင့်လာမယ်၊ မြိုရတာခက်လာမယ်၊ ဆိုးဆိုးရွားရွား ဆက်တိုက် ဗိုက်တွေအောင့် ၊ ကော်ဖီရောင် ဒါမှမဟုတ် သွေးရောင်ပါတဲ့ ဟာတွေအန်မယ်၊ ဝမ်းမည်းမည်း ဒါမှမဟုတ် သွေးရောင်လွှမ်းတဲ့ ဝမ်းတွေသွားမယ် စတဲ့ ဒီအချက်တွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီ ချက်ချင်းပြန်ပြရမှာ ဖြစ်ပါတယ်။
မိတ်ဆွေတို့ကော အစာအိမ်မှန်ပြောင်း ကြည့်ဖူးကြပါသလား?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။